မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းအကြောင်း ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ဆောင်ရွက်

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၉) နာရီခွဲ အချိန်က အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲနှင့် အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းအကြောင်း ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဒေါ်ခင်စန်းတင့်က အမျိုးသား(သို့မဟုတ်) အမျိုးသမီးဖြစ်စေ နှုတ်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ(သို့မဟုတ်)ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်ခြင်းသည် အိမ်တွင်းအကြမ်းဖက်မှုဖြစ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှု ရှိလာပါက မိမိတို့ထံ လာရောက်တိုင်ကြား၍ရကြောင်းနှင့် ဥပဒေအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းအကြောင်း ဟောပြော ဆွေးနွေးခဲ့ရာ တက်ရောက်လာသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အပြန် အလှန် အသီးသီး မေးမြန်းဖြေကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ခင်ကျင်းပြသထားသော သုတ၊ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြည့်ရှုခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အခမဲ့လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)