ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်ပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သြဝါဒခံယူပွဲကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၃) နာရီက ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ဓမ္မဗိမာန်တန်ဆောင်းတော်ကြီးတွင်းကျင်းပခဲ့ရာ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ သြဝါဒဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာစာရက အဖွင့်သြဝါဒ မိန့်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှိုင်က ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးနှင့် ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မည့် လုပ်ငန်းများကို လျှောက်ထားတင်ပြခဲ့ရာ ကြွရောက်လာသည့် ဝန်ဆောင်ဆရာတော်များနှင့် တက်ရောက်လာသူများက လိုအပ်ချက်များကို ဖြည့်စွက်တင်ပြပေးခဲ့ကြောင်း သိရသည်။ ထို့နောက်တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွှတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးနှင့် ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူရုပ်ပွားတော်မြတ်ကြီး တပေါင်လဗုဒ္ဓပူဇနိယပွဲတော်အား တပေါင်းလဆန်း (၁၀) ရက်နေ့မှစတင်၍ တပေါင်းလဆန်း (၁၄) ရက်နေ့ထိ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ တပေါင်းလဆန်း (၁၄) ရက်နေ့တွင်ဆွမ်းတော်ကြီးပေါင်းတင်လှူပွဲ၊ နိဗ္ဗာန်စျေးပွဲတော်များ၊ စတုဒီသာ ကျေးမွေးလှူဒါန်းခြင်းနှင့် တရားဓမ္မသဘင်များ ဆင်ယင်ကျင်းပသွားမည်ဖြစ်ပြီး တပေါင်းလပြည့်နေ့တွင် ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးနှင့် ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူရုပ်ပွားတော်မြတ်ကြီးအားအနေကဇာတင်လှူခြင်းနှင့် မြို့ပေါ်နှင့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၃၇) ကျောင်းရှိ သံဃာတော်အပါး (၂၇၀) အား ဆွမ်းသပိတ်လောင်းလှူပွဲအခမ်းအနားအား ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ သိရသည်။

အေဇာလင်း