ပဲခူး ဖေဖော်ဝါရီ ၂၅
၂၀၂၅ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၃၁၆၇)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ ခရိုင်(၆)ခရိုင်နှင့် မြို့နယ်(၂၈)မြို့နယ်ရှိရာ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၌ ခရိုင်(၃)ခရိုင်၊ မြို့နယ်(၁၄)မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် ခရိုင်(၃)ခရိုင်၊ မြို့နယ်(၁၄)မြို့နယ်ရှိပြီး ၂၀၂၅ ခုနှစ်၊ မတ်လတွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ရွှေကျင်မြို့နယ်မှအပ ကျန်မြို့နယ်များတွင် စာစစ်ဌာနများထားရှိကာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ခရိုင်(၃)ခရိုင်နှင့် မြို့နယ်(၁၃)မြို့နယ်၌ စာစစ်ဌာန(၃၆)ရှိပြီး ကျောင်းသား၊ ကျောင်းသူ(၁၂၉၈၉)ဦးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ခရိုင်(၃)ခရိုင်နှင့် မြို့နယ်(၁၄)မြို့နယ်တွင် စာစစ်ဌာန(၄၅)ခု၌ ကျောင်းသား၊ ကျောင်းသူ(၁၀၁၇၈)ဦး ဖြေဆိုကြမည်ဖြစ်ရာ စုစုပေါင်း ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ စာစစ်ဌာန(၈၁)ခု၊ ကျောင်းသား၊ ကျောင်းသူ(၂၃၁၆၇)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)