အောင်လံမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

အောင်လံ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ကလေးအလုပ်သမားခိုင်းစေခြင်း မရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အောင်လံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေး၊ လူရွယ်၊ လူငယ်၏ အဓိပ္ပါယ်ဖော်ပြချက်၊ “ကလေးအလုပ်သမားဆိုသည်မှာ” ဟူသည့် အကျယ်ဖွင့်ဆိုချက်များ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၂၀၃(ခ)(၁) အကြောင်းအရာများ၊ ကလေးအလုပ်သမားခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သော ထောင်ဒဏ်၊ ငွေဒဏ်များကို ကလေးသူငယ်များ သိစေရန် ပြောကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်းစာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)