ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးအတွက် ပြင်ဆင်ရန်လိုအပ်သည်များကို ရှင်းလင်းဆွေးနွေး၍ လုပ်ငန်းအဖွဲ့များအလိုက် စနစ်တကျ ကြိုတင်ပြင်ဆင်ကြရန် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်က ရှင်းလင်းဆွေးနွေးပြီး၊ စာမေးပွဲဆိုင်ရာ စစ်ဆေးသည့်ကာလအပိုင်းကို ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဦးသိန်းဒန်က ဆွေးနွေးမှာကြားသည်။ ယင်းနောက် စာမေးပွဲကြီးကြပ်ခြင်းအပိုင်းကို ပွေးကျစ်အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းဆွေက ရှင်းလင်းဆွေးနွေးပြီး စာဖြေသူများ လိုက်နာရမည့်စည်းကမ်းချက်များအပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးတင်မောင်ဝင်းက ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ စာမေးပွဲဆိုင်ရာ လုပ်ငန်းရှင်းလင်းဆွေးနွေးပွဲသို ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်နှင့် ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဦးသိန်းဒန်နှင့် လက်ထောက်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း ၂၈၇ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)