နတ်မောက်မြို့နယ်တွင် ရွှေတောင်(၁၀) ဝါမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးဖော်ထုတ်

နတ်မောက် ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါသီးနှံများပိုမိုတိုးချဲ့ စိုက်ပျိုးစေရေး၊ ဝါသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်စေရေး၊ ဝါမျိုးကောင်းမျိုးသန့်များ စနစ်တကျအသုံးပြုစိုက်ပျိုးနိုင်စေရေးအတွက် ရွှေတောင် (၁၀)ဝါအမျိုးအစားမျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနထုတ် ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါများအပြင် ဒေသမျိုးများကိုလည်း စိုက်ပျိုးသူများရှိကြသဖြင့် ဝါဖြစ်ထွန်းအောင်မြင်မှုများမှာ ဝါအမျိုးအစား အလိုက်ကွဲပြားမှုများ မတူညီမှုရှိကြောင်း၊ လက်တွေ့စိုက်ပျိုးမှုအရ ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးစေ့များကိုသာ တောင်သူအများစုက ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း၊ ပုံမှန်ဝါစိုက်ပျိုးသူ တောင်သူများကပြောသည်။

ယခုအခါ နတ်မောက်မြို့နယ်တွင် ဝါစိုက်ဧရိယာအားလုံး မျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့ထုတ်ဧက(၂၅၀)ခန့်ကို ရွာမွန်၊ တောင်ထောင့်၊ ချောင်းနက်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိပြီး မျိုးစေ့ထုတ်ဧရိယာများမှရရှိသော ရွှေတောင် (၁၀) မျိုးသန့်ဝါစေ့များအား စနစ်တကျ ထုတ်လုပ်စုဆောင်းလျက်ရှိကာ မိမိမြို့နယ်အတွင်းသာမက တိုင်းဒေသကြီးအတွင်း လိုအပ်သော မြို့နယ်များသို့ ဖြန့်ဖြူးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပေါင်းစပ်လုပ်ကိုင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း