မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်)နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

မင်းဘူး ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း ၂၆၀၀၀ ကျော်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၌ အဆိုပါစာမေးပွဲဖြေဆိုနေမှုများကို မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယခုလက်ရှိ ကျင်းပနေသော နှစ်ဆုံးစာမေးပွဲနှင့် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲများ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို မြို့နယ်အတွင်းရှိ KG မှ Grade–11 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၇၆၁ ဦးတို့က သက်ဆိုင်ရာကျောင်းများ၌ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ အေးချမ်းစွာဖြေဆိုလျက်ရှိပြီး၊ Grade–5 နှင့် Grade–9 (အစိုးရစစ်) စာမေးပွဲကို မတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၅ ခုနှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု ဖွင့်လှစ်၍ မတ်လ ၁၇ ရက်မှ ၂၂ ရက်နေ့အထိ ဘာသာရပ်အလိုက် နေ့စဉ်နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်အထိ (၆)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ (ထက်၊ လယ်၊ မူ) အခြေခံပညာအထက်တန်းကျောင်း ၁၄၉ ကျောင်း၊ ကိုယ်ပိုင်းကျောင်း ၃ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ ကျောင်း စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၁၆၀ ရှိကြောင်း၊ အဆိုပါကျောင်းများ၌ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံများက ဝိုင်းဝန်းကြိုးပမ်းပြီး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)