အောင်လံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

အောင်လံ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊‌ အောင်လံခရိုင်၊ အောင်လံမြို့၌ မီးဘေးလုံခြုံစေရန်နှင့် မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်လံမြို့၊ မြို့မဈေး၊ မြနန္ဒာဈေး၌ လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းက ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ ဈေးအတွင်းအသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်၊ မီးဘေးကြိုတင် ကာကွယ်နိုင်ရန် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်များ၊ ဈေးဧရိယာအတွင်း မီးဘေးအန္တရာယ် ကြုံတွေ့ပါက မီးငြှိမ်းသတ်ယာဉ် ဝင်ရောက်သွားလာနိုင်ရေး ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူးမှ ဆီမီးငြှိမ်းသတ်ခြင်း လုပ်ငန်းကို ဈေးသူ/ ဈေးသား တစ်ဦးနှင့်အတူ မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခဲ့သည်။

ထို့နောက် မြို့ပေါ်ရပ်ကွက်များမှ မီးသတ်ယာဉ်(၈)စီး၊ အန္ဓေမီးသတ်ယာဉ်(၁)စီး၊ စုစုပေါင်း(၉)စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်/အရန်မီးသတ်တပ်ဖွဲ့ဝင်(၇၂)ဦးတို့မှ ဈေးမီးငြှိမ်းသတ်မှု သရုပ်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး၊ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)