အုတ်တွင်း ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီပြီး ၎င်းတို့၏ ကျန်းမာရေးအဆင့် တိုးတက်မြင့်မားလာစေရန်၊ ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများတွင် ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာရှာဖွေတွေ့ရှိကုသနိုင်ပြီး ပိုမိုပြင်းထန်သောရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်စေရန်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျစိုက်ထုတ်ရမှု လျော့ကျစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပဏာမကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေ စမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စနစ်တကျ လွှဲပြောင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူးထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)