သဲကုန်း ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၄) စက်မှုလယ်ယာစခန်းတို့ ပူးပေါင်း၍ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုး ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သဲကုန်းမြို့နယ် နွယ်ကောက်ကျေးရွာအုပ်စု၊တဲကြီးကုန်းကျေးရွာ ကွင်းအမှတ်(၉၁၃)ရှိ တောင်သူ ဦးဇော်လေး၏ လယ်မြေ(၂ဧက)တွင် ရက်(၉၀)စပါးမျိုးစိုက်ပျိုးဆောင်ရွက်မှုကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းက လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမှုကြောင့် ကောက်စိုက်လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ပြီး လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ လုပ်သားအင်အားနည်းပါးခြင်းနှင့် သက်သာစွာဖြင့် စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ပြီး စပါးအထွက်နှုန်းကောင်း မွန်စေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး နွေစပါးစိုက်ပျိုးခြင်း လက်တွေ့ပြသနေမှုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သဲကုန်းမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့များ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ လေ့လာကြည့်ခဲ့သည်။
သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ၂၀၂၅ ခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင်စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့်တစ်ဧက အထွက်နှုန်း တိုးပွားစေရန် ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါး (၁၇၅၄၂)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)