နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၅၈၄  ဦး ဖြေဆိုမည်

နတ်တလင်း ဖေဖော်ဝါရီ ၂၁

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့်  ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၄ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း နတ်တလင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ကာ အ.ထ.က(နတ်တလင်း) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၄၂၈ ဦး ၊ အ.ထ.က(တာပွန်)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၆ ဦး၊ စုစုပေါင်း ၅၈၄ ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(ဖောင်)များ တင်ထားပြီးဖြစ်ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ/ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး အချိန်ပို သင်ကြားရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုချိန် နေ့ရက်များတွင် စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)