ရေတာရှည် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးညီညီလွင်စိုးကအဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကေရစီ စတင်ကျင့်သုံးကတည်းက ပြဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိအသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်းအမျိုးသားများအားလုံးအကျုံးဝင်ပါကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များနှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလ လုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုမလိုကြောင်းတို့ကို ပြည်သူများအားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးမြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဥက္ကာသန်းက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေဆိုင်ရာ အကြောင်းအရာများအားရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများကသိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ထို့နောက် အဆိုပါမေးမြန်းချက်များအား ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးညီညီလွင်စိုးမှပြန်လည်ရှင်းလင်းပြောကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)