စေတုတ္တရာမြို့နယ် မထိမ်းကျေးရွာအတွင်းရှိ ကျွဲ၊ နွားအကောင်ရေ (၁၈၀)ခန့်အား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး ထိုးနှံပေး

စေတုတ္တရာ    ဒီဇင်ဘာ  ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား  ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မထိမ်းကျေးရွာ အတွင်းရှိ တောင်သူများ၏ ကျွဲ၊ နွား အကောင်ရေ (၁၈၀)ခန့် အား ခွာနာလျှာနာ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဦးဆောင်၍ မထိမ်းကျေးရွာ အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား အကောင်ရေ (၁၈၀)ခန့်အား ခွာနာလျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ ကာကွယ် ဆေးထိုးနှံရခြင်း အကြောင်းအရင်းများနှင့် ရာသီအကူးအပြောင်း ကာလအတွင်း တိရစ္ဆာန်များတွင် ဖြစ်ပေါ် တတ်သည့် ကူးစက်ရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွဲ၊ နွား ခွာနာလျှာနာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)