ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးသည့် ကြံသီးနှံ (၈) ဧက ခုတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံရာသီက စိုက်ပျိုးသည့် ကြံသီးနှံ (၈) ဧက ခုတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုး စွမ်းအား တိုးတက်မြင့်မားရေးအတွက် ကြံသီးနှံ (၈) ဧက စိုက်ပျိုးထားရှိကြောင်း သိရပြီး အဆိုပါ ကြံစိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့် ခုတ်သိမ်းပြီးစီးခဲ့ကြောင်း သိရသည်။

“မိုးသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်အတွင်း ကြံသီးနှံ (၈) ဧက လျာထားစိုက်ပျိုးခဲ့ရာမှာ ဒေသခံတောင်သူတွေက စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ကြံစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ မိုးရာသီက စိုက်ပျိုးခဲ့တဲ့ ကြံစိုက်ခင်းများကို ဒေသခံတောင်သူတွေက ဒီဇင်ဘာလကုန်မှာ ရာနှုန်းပြည့် ခုတ်သိမ်း ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ ကြံအထွက်နှုန်းအနေနဲ့က တစ်ဧကကို (၁၄) တန် ထွက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။ 

အဆိုပါ ကြံသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် အခြားသီးနှံများထက် စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး ဈေးကွက်ကောင်းမွန်သဖြင့် ဒေသခံတောင်သူများက နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကြံသီးနှံစိုက်ပျိုးခြင်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း၊ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ ကြံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပန်းတိုင်အထွက်နှုန်းများ ရရှိစေရန်အတွက် စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲတတ်စေရေး လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )