ပဲခူး ဖေဖော်ဝါရီ ၂၁
ပဲခူးမြို့နယ်၌ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့်နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများတွင် စတင်ဖြေဆိုကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်သည်၊ တိုင်းပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ မြန်မာစာဘာသာရပ်အား ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် Grade-4၊ အလယ်တန်းအဆင့် Grade-6 မှ Grade-8 အထိနှင့် အထက်တန်းအဆင့် Grade-10 မှ Garde-12 အထိ ကျောင်းသား၊ ကျောင်းသူများက နှစ်ဆုံးစာမေးပွဲအား ယမန်နေ့နံနက်ပိုင်းက စတင်ဖြေဆိုနေကြပြီး Grade-5 နှင့် Grade-9 စာမေးပွဲအား မတ်လ ၃ ရက်နေ့မှစတင်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်ဆက်)