အထက်မင်းလှ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက မင်းလှ၊မလွန်နှင့် ကပစ(၁၀) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းက စက်မှုအထက်တန်းကျောင်းသို့ တက်ရောက်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် စာမေးပွဲဖြေဆိုရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိရန် ပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်က မွေးမြူရေး(အ-ထ-က)သို့ Grade-10၊ Grade-11၊ Grade-12 တန်းများတွင် တက်ရောက်အောင်မြင်ပါက ရရှိသောအဆင့်အလိုက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေးပညာဘွဲ့၊ စိုက်သိပ္ပံနှင့် ငါးလုပ်ငန်းသိပ္ပံကျောင်းများသို့ အလွယ်တကူ တက်ရောက်နိုင်မည်ဖြစ်ပါကြောင်းနှင့် တိရစ္ဆာန်မှ လူသို့ကူးစက်စေသော ခွေးရူးရောဂါအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မင်းလှ၊ မလွန်၊ ကပစ(၁၀) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)