မကွေး ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီးအတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စု အလက (ချောင်းဖြူ)ကျောင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများ တက်ရာက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေး စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့မှုများအတွက် မကွေးတိုင်းဒေသကြီးအတွင်း လာရောက်နေထိုင်သည့် အမှန်တကယ်နေရပ်စွန့်ခွာပြည်သူများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ထောက်ပံ့ပေးအပ်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ချင်းပြည်နယ် ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်းနှင့် အဆိုပါကျောင်းခန်းမအတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများအား (OCV)ကာကွယ်ဆေး တိုက်ကျွေးမှု လွှမ်းခြုံမှုရရှိစေရေး ကျန်းမာရေးဝန်ထမ်းများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး(OCV) တိုက်ကျွေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး၊ ယနေ့အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးသို့ ချင်းပြည်နယ် ကျင်ဒွေးဒေသမှ လာရောက်နေထိုင်သူ အိမ်တောင်စု(၃၁)စုမှ လူဦးရေ(၁၀၄)ဦးအတွက် ငွေကျပ် ၂၀၈၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ညီညာ