မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆေးကုသရေးအဖွဲ့ မြို့သစ်မြို့နယ် ကနီကျေးရွာသို့ (အခမဲ့)နယ်လှည့်ဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အားပေး

မြို့သစ် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ပြည်သူများလိုအပ်သော သွားနှင့်ခံတွင်းရောဂါသည်များနှင့်  မျက်စိဝေဒနာရှင်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်အတွက် မှော်ဘီသဲဖြူတောရနှင့် မဟာမြိုင်တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ၏ သြဝါဒကိုခံယူ၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် အလှူရှင်အနန္တစေတနာဖောင်ဒေးရှင်းမိသားစုပူးပေါင်းအဖွဲ့သည် မြို့သစ်မြို့နယ်၊ ကနီကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းကရောက်ရှိ၍ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထူးကုဆရာဝန်ကြီးများ၏ ဌာနအလိုက် ဆေးကုသမှုများ၊ ဆေးကုသရန် လာရောက်သည့် ပြည်သူများအား နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသမှုခရီးစဥ်တွင် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးတို့သည် မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ သွားနှင့်ခံတွင်းရောဂါသည်များနှင့် မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်မှုခံယူရန်လိုအပ်သည့် အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိဝေဒနာရှင် (၃၀၀)ဦးခန့်ကို မကွေးတိုင်းဆေးရုံကြီး၊ မင်းဘူးမျက်စိအထူးကုဆေးရုံ ၊မကွေးမြို့သင်ကြားရေးဆေးရုံကြီးတို့တွင် ဆေးကုသမှုပေးနိုင်ရန် စနစ်တကျလွှဲပြောင်းပေးသွားမှာဖြစ်ပြီး ၂၀၂၅ မတ်လ (၃)ရက်နေ့မှ မတ်လ (၁၂)ရက်နေ့အထိ အလှည့်ကျ ခွဲစိတ်ကုသပေးသွားမှာဖြစ်ကြောင်း မြို့နယ်တာဝန်ခံတစ်ဦးထံမှ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)