မိုးညို ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ စာရေးဆရာကြီး သခင်ကိုယ်တော်မှိုင်းအပါအဝင် စာရေးဆရာ(၁၆)ဦးရေးသားထားသည့် "လူငယ်နှင့်ငြိမ်းချမ်းရေးတန်ဖိုး"စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးမြသန်းက "လူငယ်နှင့်ငြိမ်းချမ်းရေးတန်ဖိုး"စာအုပ်မှ စာရေးဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးသားသည့် "ငြိမ်းချမ်းရေးကိုမြတ်နိုးသူများဂိုဏ်းဂဏစိတ်ပယ်၍လက်တွဲဆောင်ရွက်ပါ" ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ ဝါသနာတူလူငယ်များအသင်း( Youth Club) အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းက စာရေးဆရာနေဘုန်းလတ်ရေးသားသည့် "လူငယ်နှင့်ငြိမ်းချမ်းရေးတန်ဖိုး"၊ (Youth Club)အဖွဲ့ဝင် မမြတ်သက်နှင်းက စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "လူငယ်နှင့်သမိုင်းအသိအမြင်"စသည့် ခေါင်းစဉ်ပါအကြောင်းအရာများအား ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက မိမိတို့သိလိုသည်များကိုမေးမြန်းကြပြီး စာပေဖတ်ကြားသူများနှင့် ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)