အုတ်တွင်းမြို့နယ်အတွင်းရှိ BOC စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေး

အုတ်တွင်း ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံမှုရှိစေရေး လိုက်လံကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်း (၁၀) နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ BOC စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးပြီး မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့်ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေး၊ ဟောင်းနွမ်းသော လျှပ်စစ်မီးကြိုးအသစ်လဲလှယ်အသုံးပြုရေး၊ လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့် အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည့် အချက်များ၊ ဖယောင်းတိုင်နှင့် လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များ၊ အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်သွားကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများနှင့် မီးသတ်ဆေးဘူးများထားရှိစေရေးနှင့် မီးဘေးအန္တရာယ် ကျရောက်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုပေးခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် BOC စက်သုံးဆီအရောင်းဆိုင်ရှိ ဝန်ထမ်းများက ပါဝင်သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့​ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)