ပန်းတောင်း ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအကြောင်းအရာများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးသူစိုးမှ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်ဆက်လက်တည်ငြိမ်အေးချမ်းသာယာရေးအတွက် တစ်ဖက်တစ်လမ်းမှ တတ်နိုင်သမျှ အလှည့်ကြဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟမှ တက်ရောက်လာကြသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ဧည့်စာရင်းစစ်ဆေးသည့် လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုမှ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါအချက်များအား ပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
လပြည့်လင်း (ပြန်/ဆက်)