အုတ်ဖို ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၊ အမှတ် (၅) ရပ်ကွက် (၁) လမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မီးဘေးသင့်ခဲ့သည့် ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးဘေးသင့်မှုကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၄၂၀၀) ကျပ် စုစုပေါင်းငွေ (၁၀၄၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ