ဖြူးမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် ဝါးဖက်ခမောက်လုပ်ငန်း ရက်လုပ်ရောင်းချမှု တွင်ကျယ်လျက်ရှိ

ဖြူး ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စု၊ ညောင်ကားယားကျေးရွာရှိ MSME အသေးစားလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာဝါးဖက်ခမောက်လုပ်ငန်းသည် မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့် လုပ်ကိုင်ရောင်းချရာမှာ လက်ရှိအခြေအနေအရ စျေးကွက်ဝင်တွင်ကျယ်လျက်ရှိကြောင်း သိရသည်။

ညောင်ကားယားကျေးရွာသည် ဖြူးမြို့ပေါ်နှင့် ၃ မိုင်ခန့်သာကွာဝေးပြီး အိမ်ခြေ ၃၀ ခန့်သည် ဝါးပင်၏အဆစ်တွင် ခွာယူ၍ရရှိသော ဝါးဖက်များကို ခမောက်ရက်လုပ်ရောင်းချခြင်းဖြစ်ကြောင်း၊ ဝါးဖက်ခမောက်ရက်လုပ်ခြင်းကို ဘိုးဘွား​များဆီမှလက်ဆင့်ကမ်းလုပ်ကိုင်ခဲ့ရာ နှစ်(၂၀)ခန့်ရှိပြီဖြစ်ကြောင်း၊ ဝါးခမောက်တစ်လုံးအတွက် ဝါးမှရသည့် ဝါးဖက်များကို အရွက်တိုက်​ခြင်း၊ ပုံချအရွက်ညှပ်​ခြင်း၊ ဝါးခွေစိပ်ခြင်း၊ ချည်ဖြင့်တွဲချုပ်ခြင်းစသည်ဖြင့် အဆင့်(၃၅)ဆင့်ပြုလုပ်ရကြောင်း၊ ကလေးဆောင်းချုပ်နှင့် ရိုးရိုးပုံမှန်ဆောင်းချုပ်တစ်လုံးလျှင် ငွေကျပ် ၃၅၀၀ ၊ ဒေါင့်(၂)ဒေါင့်နှစ်ထပ်ခွေချုပ်တစ်လုံးလျှင် ငွေကျပ် ၄၂၀၀ ၊ ဒေါင့်(၄)ဒေါင့်နှစ်ထပ်ခွေချုပ်နှင့်အော်ဒါရှယ်ချုပ်တစ်လုံးလျှင် ငွေကျပ် ၄၅၀၀ ၊ လယ်သမားကြီးချုပ်တစ်လုံးလျှင် ငွေကျပ် ၃၈၀၀ ဖြင့်‌ ရောင်းချလျက်ရှိပြီး လက်ကားစျေးဖြင့် မှာယူသူများကိုလည်း ကားဂိတ်မှတစ်ဆင့်ပို့​ပေးရကြောင်း၊ ခမောက်ချုပ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းများအနေဖြင့် ဝါးဖက်၊ ဝါးခွေ၊ ချည်၊ ပျားဖယောင်း၊ အလှဆင်လက်ပံဆူးများကို ကြိုတင်ဝယ်ယူသိုလှောင်ထားရကြောင်း ဝါးဖက်ခမောက်ရက်လုပ်သူတစ်ဦးဖြစ်သူ မကြူကြူထံမှ သိရသည်။

အဆိုပါ ဝါးဖက်ခမောက်လုပ်ငန်းကို လက်ရှိအခြေအနေအရ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင်နေခြင်းဖြစ်ပြီး တိုးချဲ့လုပ်ကိုင်ပါက အလုပ်သမားနှင့်အရင်းအနှီးလိုကြောင်း ကော်၊ ဖိုင်ဘာ၊ အဝတ်၊ သိုးမွေးများဖြင့်ပြုလုပ်ထားသည့် ခေတ်မီဒီဇိုင်းဦးထုပ်များသည် စျေးကွက်၌ တွင်ကျယ်လာသော်လည်း မြန်မာ့ရိုးရာမပျက်လုပ်ကိုင်လျက်ရှိသည့် ဝါးဖက်ခမောက်လုပ်ငန်းသည်လည်း အသေးစားလုပ်ငန်းငယ်တစ်ခုအဖြစ် မိသားစုဝင်ငွေရပြီး တွင်ကျယ်နေဆဲဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)