မင်းလှမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV)တိုက်ကျွေး

အထက်မင်းလှ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV)ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင် စတင်တိုက်ကျွေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းဆရာမများက ကာကွယ်ဆေးထိုးနှံရန်လာ‌ရောက်သူများအား စာရင်းရေးသွင်းပေးပြီး၊ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးပြီးသူများအား မိနစ် (၃၀) ခန့် နေထိုင်စေပြီးမှထွက်ခွါစေခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ မင်းလှမြို့နယ်တွင် ကာကွယ်ဆေး(OCV) တိုက်ကျွေးခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအားကူညီဆောင်ရွက်ပေးလျက် ရှိသည်။

မင်းလှမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးရန် ဆေးလုံးရေ(၁၈၉၀)လုံးရရှိထားပြီးဖြစ်ရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့်နေရာနှင့် ဖြစ်ပွားနိုင်ချေများသည့်နေရာများတွင်နေထိုင်သည့် အသက်(၁)နှစ်အထက်ကလေးလူကြီးများအား တိုက်ကျွေးမည်ဖြစ်ကြောင်း ဖော်ဖော်ဝါရီ(၁၇) ရက်နေ့တွင် လူဦးရေ(၁၂၅၀)ဦးတိုက်ကျွေးပြီးဖြစ်ရာ ကျန်ရှိနေသူများအား ဆက်လက်တိုက်ကျွေးမည်ဖြစ်သည်။

အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်‌ဆေး (OCV)သောက်ပြီးသော်လည်း ရောဂါမကူးစက်စေရန်သန့််(၄)သန့်၊ (အစာသန့်၊လက်သန့်၊အိမ်သာသန့်၊ရေသန့်)စသည့် အမူအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းထားပါ‌ရန်လိုအပ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှ သိရသည်။

ဇာဇာ(အထက်မင်းလှ)