ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးကြီးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့မဈေးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ဈေးဝင်ပေါက်တံခါးများ ပျက်စီးယိုယွင်းနေမှုများကို ပြန်လည်ပြုပြင်ခြင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ယာဉ်များ လွယ်လင့်တကူ သွားလာနိုင်ရန် ဈေးအဝင်/အထွက်လမ်းများ ပြုပြင်ခြင်း၊ ဈေးလုံခြုံရေးမီးများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးများအားလုံးတွင် မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို နေ့ညမပျက် ကြပ်မတ်စစ်ဆေးခြင်းအပြင် ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးခြင်း၊ ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် အပတ်စဉ် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)