မင်းလှ ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းပဲတီစိမ်း ဧက (၅၀) စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဥတိုကညင်ပင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှု ကော်မတီဝင်များက ဥတိုကညင်ပင်အုပ်စု၊ ဥတိုကညင်ပင်ကျေးရွာအနီး ဦးပိုင်အမှတ် (၅၄/၅)၊ ကွင်းအမှတ် (၉၂၈)၊ တောင်သူ (၆) ဦးတို့၏ လယ်မြေ (၅၀) ဧက၌ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် စိုက်ပျိုးထားသည့်ရေဆင်း-၁၄ ဆောင်းပဲတီစိမ်းမျိုးအား တောင်သူများနှင့်ပူးပေါင်း၍ စံကွက်ရိတ်သိမ်းကြရာ တစ်ဧကအထွက်နှုန်း (၂၄.၅၆) တင်း ထွက်ရှိခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းပဲတီစိမ်းရေဆင်း-၁၄ မျိုးစိုက်ပျိုးထားရှိမှုမှာ (၂၁၆၀) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဦးစီးမှူးထံမှ သိရသည်။
ပေါက်စ(မင်းလှ)