ပဲခူး ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ကြည်ညိုခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တိုင်းသံဃာ့နာယကရွေးချယ်ပွဲကြီးကြပ်ရေးဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသူရိယအရှင်သူမြတ်က ဩဝါဒကထာမြွက်ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် ဆရာတော်များက အမည်စာရင်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် ရွေးချယ်ခြင်းများကို သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို တိုင်းသံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းပြီး အတည်ပြုခြင်း ဆောင်ရွက်ခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)