နတ်မောက် ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဈေးသာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဈေးသာကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မိသားစုတစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ် ၅၂ ဒသမ ၈ သန်းကို မြစိမ်းရောင်ကျေးရွာ လုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ဈေးသာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်သူအသင်းသား၊ အသင်းသူစုစုပေါင်း ၁၀၆ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်မတည်ရန်ပုံငွေကျပ် ၅၂ ဒသမ ၈ သန်းကို သက်သာသောအတိုးနှုန်းဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း ၄၁ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူမူစန်း