မင်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းများ မီးဘေးလုံခြုံရေးနှင့် မီးဘေးန္တရာယ်ကင်းဝေးစေရေးစစ်ဆေး

အထက်မင်းလှ ဖေဖော်ဝါ‌ရီ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်စေရန် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စိုးလင်း ဦးဆောင်သည့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်များ၌ သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် လျှပ်စစ်မိန်းခုံများရှိ မီးခလုပ် Breaker များ ကြံ့ခိုင်ကောင်းမွန်ရေး၊ ရေသန့်စက်နှင့်ရေမော်တာများရှိ မီးလိုင်း များတွင် လျှပ်စစ်ဝါယာရှော့ မဖြစ်ပွားစေရန် စနစ်တကျသွယ်တန်းထားရှိရေး၊ ဟောင်းနွမ်းပြီးအသုံးပြု၍မရသောမီးကြိုး၊ မီးခလုပ်နှင့်လျှပ်စစ်ပစ္စည်းများ အသစ်လဲလှယ်တပ်ဆင်ထားရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးသတ်ဆေးဘူးများ အရန်သင့်ချိတ်ဆွဲထားရှိရေးနှင့် အသုံးပြု၍မရသော မီးသတ်ဆေးဘူးများ အသစ်လဲလှယ်ထားရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စားမေးပွဲဖြေဆိုစဉ်ကာလအတွင်း ရေလှောင်ကန်များနှင့် အမြင့်တင်ရေစင်များ၌ ရေပြတ်တောက်မှုမဖြစ်ပွားစေရန် အရေးပေါ်ရေများ အရန်သင့် ဖြည့်တင်းထားရှိရေးနှင့် လိုအပ်သည်များကို မြို့နယ်မီးသတ်ဦးစီးမှူးမှ တာဝန်ရှိသူများအား အကြံပြုဆွေးနွေးမှာကြားပြီး ပွင့်လင်းရာသီဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)