မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးထွန်းဇော်ဦး (၁)နာရီ ဂါလံ(၃၀၀၀)ထွက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေး အဝီစိရေတွင်း(၂)တွင်းအားကွင်းဆင်းကြည့်ရှု

ကျောက်ဆည် ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန့်နေ့မွန်းလွဲ(၁)နာရီက ကျောက်ဆည်မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ ဒွေးလှကျေးရွာတွင် တူးဖော်ထားသည့် (၁)နာရီ ဂါလံ(၃၀၀၀)ထွက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေး အဝီစိတွင်း(၂)တွင်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုလာစနစ်သုံး အဝီစိရေတွင်းများသည် ဒွေးလှကျေးရွာ လယ်ယာမြေနှင့်အထွေထွေသမဝါယမ အသင်းသားတောင်သူ ဦးနေဝင်းနှင့်နှင့်ဦးယဉ်မင်းထွန်းတို့၏ စိုက်ပျိုးမြေများတွင် တူးဖော်ထားသည့်အနက် (၃၀၀)ပေ၊ အကျယ်(၄)လက်မ အဝီစိတွင်းများဖြစ်ပြီး ရေတွင်း (၁)တွင်းလျှင် (၄၃)ဗို့ထွက်ရှိသည့် အလျား(၈)ပေ၊ အနံ(၄) ဆိုလာချပ်(၁၂)စီ တပ်ဆင်အသုံးပြုထား‌ကြောင်း၊ တောင်သူဦးနေဝင်း၏ အမှတ်(၁) အဝီစိရေတွင်းသည် (၁)နာရီလျှင် ရေဂါလံ(၃၂၀၀)ထွက်ရှိပြီး အကျိုးပြုတောင်သူ(၈)ဦး၏ စိုက်ပျိုးမြေ(၂၄)ဧကအား နှစ်ပတ် လည် စိုက်ပျိုးရေများပေးဝေနိုင်တော့မည်ဖြစ်ပြီး၊ တောင်သူဦး ယဉ်မင်းထွန်း၏ အမှတ်(၂)အဝီစိရေတွင်းသည် (၁)နာရီ ရေဂါလံ (၃၀၀၀)ထွက်ရှိပြီး အကျိုးပြုတောင်သူ (၉)ဦး၏ စိုက်ပျိုးမြေ(၃၃)ဧကအား နှစ်ပတ်လည် စိုက်ပျိုးရေများပေးဝေနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍သိရသည်။

မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် အခြေခံသမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးစရိတ် သွင်းအားစုများသက်သာပြီး တစ်ဧကအထွက်နှုန်းတိုးပွားကာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအသင်းသားတောင်သူများအား တစ်ဧကငွေ(၂)သိန်းကျပ်နှင့် ညီမျှသည့် မျိုးစေ့များနှင့် သွင်းအားစု ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သွာစွာဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)