ကျောက်ဆည်မြို့နယ်တွင် လုပ်သားလိုအပ်ချက်နည်းပါးပြီး ဈေးကွက်ဝင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

ကျောက်ဆည် ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှားပင်တွင် နေထိုင်ကြသော ပြည်သူများသည် တောင်သူလုပ်ငန်းများလုပ်ကိုင်ရာတွင် မိုးရေ၊ မြေအောက်ရေနှင့် စမုံ၊ ပန်းလောင်မြစ်ရေများ အသုံးပြု၍ သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် လုပ်သားလိုအပ်ချက်နည်းပါးပြီး ဈေးကွက်ဝင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

အလုပ်သမားရှားပါးခြင်းကြောင့် ငှက်ပျောကို တောင်သူများ ပိုမိုစိုက်ပျိုးလာကြောင်း ငှက်ပျောစိုက်တောင်သူများထံမှသိရှိရပြီး ငှက်ပျောစိုက်ရာတွင် မြေကောင်းမွန်မှုအပေါ်မူတည်၍ အတန်းလိုက် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၈) ပေအကွာ၊ (၁၀) ပေအကွာ အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး (၈) လအကြာတွင် အဖူးများထွက်ရှိပြီး (၁၂) လအကြာတွင် စတင်ခုတ်ယူ ရောင်းရကြောင်း၊ တစ်ဧကတွင် အပင်ရေ (၈၀၀) ခန့် ဝင်ဆန့်ကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးဖိုး (ငှက်ပျောစို့အပင်ငယ်)နှင့် စိုက်စရိတ်အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ အသီးများ ရောင်းချပြီး ပင်စည်ခုတ်လှဲရှင်းလင်းခြင်းများအပါအဝင် စုစုပေါင်းငွေကျပ် (၁၂) သိန်းခန့် ကုန်ကျကြောင်း၊ ရောင်းချရာတွင် ငှက်ပျောခိုင်ကြီးထွားမှု အပေါ် မူတည်၍ ငွေကျပ် (၂၇) သိန်းမှ သိန်း (၃၀) အထိ ရောင်းချရကြောင်း ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။

ကျေက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများကို ယာမြေပိုင်ဆိုင်မှုများသည့် ကျီးအိပ်၊ ကောင်းတင်၊ ကျောက်ဆောက်ကုန်း၊ ဒါန်းတိုင်၊ သံရွာ၊ ပေါင်လောင်ကြီး၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း၊ ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။