ပွင့်ဖြူ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူက အဖွင့်အမှာစကားပြောကြားပြီး ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်ဦးက သဘာဝပတ်ဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်အတွက် ကြိုတင်ကာကွယ်ထိန်းသိမ်းရမည့် သစ်တောများ မပြုန်းတီးအောင် ကာကွယ်စောင့်ရှောက်ရေး၊ သယံဇာတများ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး ကျောင်းစာကြည့်တိုက်အတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ ပါဝင်သည့် “သစ်တောကြေးမုံ” စာအုပ်အား ပေးအပ်လှူဒါန်းသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၇၂) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)