မင်းဘူး ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အထင်ကရ ကေလာသဖတောင်တော်ပေါ်၌ တည်ရှိသော ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် တပို့တွဲလပြည့်နေ့တိုင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော (၄၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရှင်ပင်စက္ကိန်းတဲဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ (၄၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တပို့တွဲလဆန်း ၉ ရက်မှ လပြည့်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပခဲ့ပြီးနောက် ပဌာန်းသိမ်းအောင်ပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို နံနက်ပိုင်းအချိန်က ဦးစွာကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မွန်းလွဲပိုင်းအချိန်၌ကျင်းပရာ ဘုရားအမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်အရှင်သူမြတ်များ၊ မင်းဘူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၂၆)ကျောင်းမှ ပင့်သံဃာ ဆရာတော်များနှင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတွင် ရွတ်ဖတ်ပူဇော်ခဲ့ကြသည့် ဆရာတော်များအပါအဝင် ပင့်သံဃာ(၃၅)ပါးအား မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များ၊ မြို့မိမြို့ဖများနှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက်ကြသူများက လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းမျိုးစုံကို သဒ္ဒါတရားထက်သန်စွာဖြင့် ဘုရားပရိဝုဏ်အတွင်း စည်ကားသိုက်မြိုက်စွာ ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)