တောင်ငူမြို့၊ အ.ထ.က(၄)သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

တောင်ငူ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေးနှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းသို့ Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယဉာဏ စွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာကဗျာရွတ်ခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောပြခြင်းနှင့် ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ခြင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူတကွ ပြုလုပ်ကြသည်။

ထို့နောက်ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ရရှိစေရန် စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ငှားရမ်းဖတ်ရှုကြကြောင်းနှင့် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)