သမဝါယမကောလိပ် (မန္တလေး)၌ မီးဘေးလုံခြုံရေး၊ အသိပညာပေးရေးနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်

ပုသိမ်ကြီး ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် သမဝါယမကောလိပ် (မန္တလေး)တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကောလိပ်အတွင်း ဆောင်ရွက်ရာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှုဖြစ်စဥ်များ၊ သဘာဝဘေး၊ တောမီး၊ EV(ကား) မီးလောင်မှုများအကြောင်း စသည်တို့အား အသိပညာပေး ဟောပြောခဲ့ပြီး၊ မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဂက်(စ်) မီး၊ ဆီမီးတို့ကို လက်တွေ့ငြှိမ်းသတ်ခြင်းများ ပြသပေးခဲ့ပြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ပါဝင်စမ်းသပ်မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်စေခဲ့ပြီး၊ ကောလိပ်ကျောင်းအတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို