ဟင်္သာတ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အမျိုးသားခန်းမ၌ ယနေ့နံနက် (၉)နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-9)နှင့် မူလတန်းအဆင့် (Grade-5) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်း၊ ဟင်္သာတမြို့နယ်ပညာရေးမှူး ဦးထင်ကျော်၊ နည်းပြဆရာ၊ ဆရာမများ၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အလယ်တန်းနှင့် မူလတန်းအဆင့် သင်ကြားရေးဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းက ယခုကဲ့သို့ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချရခြင်းသည် ပညာရေးဝန်ကြီးဌာနမှ ပြောင်းလဲထားသော ပညာရေးစနစ်နှင့်အညီ သင်ရိုးသစ်ဘာသာရပ်များအား စနစ်တကျသင်ပြနိုင်မည့် ဆရာ၊ ဆရာမများအား လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ဆရာ၊ ဆရာများအနေဖြင့်လည်း ဆွေးနွေးပွဲတွင် သင်ကြားပို့ချပေးမည့် သင်ရိုးနည်းစနစ်များအား ဂရုတစိုက်လေ့လာမှတ်သားပြီး မိမိတို့တာဝန်ကျရာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စေတနာရှေ့ထား၍ ပြန်လည်သင်ကြားပို့ချပေးစေလိုပါကြောင်း စသဖြင့် ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးထင်အောင်ကျော်က ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ အကျဉ်းချုပ်ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများအား ကျောင်းပိတ်ရက်များဖြစ်သော (၁၈.၁.၂၀၂၅ ရက်နေ့၊ ၁၉.၁.၂၀၂၅ ရက်နေ့၊ ၂၅.၁.၂၀၂၅ ရက်နေ့နှင့် ၂၆.၁.၂၀၂၅ ရက်နေ့) များတွင် မြို့ပေါ်ရှိ အ-ထ-ကကျောင်းများနှင့် အမှတ်(၂) အလယ်တန်းကျောင်းတို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ဆရာ၊ဆရာမ (၇၂၇)ဦး၊ အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၁၈၈၃)ဦးတို့အား နည်းပြ (၁၁၈)ဦးတို့မှ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)