အ.ထ.က (စဉ့်ကိုင်)တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ကျင်းပ

စဉ့်ကိုင် ဇန်နဝါရီ ၁

ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်း ရတနာများပေါ်ထွန်းလာ‌စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က (စဉ့်ကိုင်)တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် အ.ထ.က (စဉ့်ကိုင်) မှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်ခင်မူက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုရန်၊ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်‌ကောင်းများကို ရရှိစေရန်နှင့် စဉ်းစားဉာဏ်နှင့် အတွေးအခေါ်များကို ရရှိစေရန်၊ လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုး မြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ ပြောဆိုတက်စေ‌ရေးတို့ကို ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး အ.ထ.က (စဉ့်ကိုင်) ကျောင်းမှ Grade- 10  ကျောင်းသူ မ‌အေးငြိမ်းသူက  လူငယ်နှင့်စိတ်ဓါတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မ‌ရွှေယမင်းအောင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10 ကျောင်းသား မောင်ရာဇာရဲထက်က လူငယ်နှင့် စာပေ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade -11 ကျောင်းသား မောင်ဇွဲမင်းဦးက လူငယ်နှင့်စာဖတ်ခြင်းအကျိုး ခေါင်းစဉ်ဖြင့်လည်း‌ကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်  သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။

စကားဝိုင်းအပြီးတွင် ခန်းမအတွင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)