ချောင်းဆုံ ဇန်နဝါရီ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီက ကမာမိုကျေးရွာ ရွှေဟင်္သာခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မိသူဇာက ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း၊ “လူငယ်စကားဝိုင်း”များမှ ကျောင်းသားလူငယ်များအတွက် အရေးပါးသည့် ကဏ္ဍများကို ခေါင်းစဉ်များအလိုက် ရွေးချယ်ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ကျောင်းသားလူငယ်များအတွက် အရေးပါသည့် ကဏ္ဍများဖြစ်သည့် စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကျန်းမာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး၊ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်စသည့်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/သူများ သိရှိလိုသည်များ ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)