မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများသည် စပါးမျိုးစေ့ ထုတ်လုပ်နိုင်ရေး၊ စပါး(၁)ဧကလျှင် (၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး၊ ဆန်စက်များအဆင့်မြှင့် တင်ရေးတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံစီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ လုပ်ငန်းရှင်များ၊ တောင်သူများ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းတိုးစေရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး၊ ဆန်စက်များ အရည်အသွေးပိုမိုပြည့်မီစေရေးအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ (၈)ဘီလီယံ ပေးအပ်မည့်လုပ်ငန်းရှင်များ၊ တောင်သူများနှင့် စာချုပ်ချုပ်ဆိုနိုင်ရေး စာချုပ်ပါ အကြောင်းအရာများ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာဆန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်တို့မှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံ ပေးအပ်ငွေများအား ဆန်စက်လုပ်ငန်းရှင်များ၊ တောင်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)