ပခုက္ကူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 သင်ကြားသင်ယူမှု ထိရောက်စေရေး အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းက “ဆရာ၊ ဆရာမများ၏ ဘာသာရပ်သင်ခန်းစာများအပေါ် သိမြင်တွေးခေါ်နိုင်မှု၊ ကျွမ်းကျင်တတ်မြောက်မှုနှင့် သင်ကြားရေးနည်းစနစ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာစေရန်၊ ဆရာ၊ ဆရာမများ အချင်းချင်ကြား အသိပညာ၊ အတတ်ပညာရပ်များ အပြန်အလှန် မျှဝေဆွေးနွေးစေခြင်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်လာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် ပခုက္ကူမြို့နယ်အတွင်းရှိ မူလတန်းအဆင့်(Grade-5)တွင် နည်းပြ ၁၆ ဦး၊ သင်တန်းသားဆရာ၊ ဆရာမ ၂၉၄ ဦး၊ အလယ်တန်းအဆင့်(Grade-9)တွင် နည်းပြ ၁၂ ဦး၊ သင်တန်းသား ဆရာ၊ ဆရာမ ၁၉၁ ဦး တက်ရောက်ကြပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၃နာရီအထိ သင်တန်းကာလ လေးရက်ကြာ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)