ရွှေတောင် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သုခမင်္ဂလာကုမ္ပဏီ(MMU) အထူးကုဆေးခန်းမှ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လာရောက်ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁)အထည်စက်ရုံ၊ သဘာဝဓာတ်ငွေ့စက်ရုံ၊ ပြည်ရေနံမြေ၊ ရွှေမျက်မှန်ဘုရားဓမ္မာရုံတို့တွင် (၇.၁.၂၀၂၅)ရက်နေ့မှ (၁၀.၁.၂၀၂၅)ရက်နေ့ထိ ရွှေတောင်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၁၉၇၅)ဦး၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လုပ်ငန်းရှင်များ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
မြို့နယ်လူမှုဖူလုံရေးဦးစီးမှူး ဒေါ်ဥမ္မာမြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် လူမှုဖူလုံရေးဝန်ထမ်းများမှ စာရင်းရေးသွင်းပြီး သုခမင်္ဂလာကုမ္ပဏီ(MMU)အထူးကုဆေးခန်းမှ ဆရာဝန်များနှင့်ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ရွှေမျက်မှန်ဘုရားဓမ္မာရုံ၌ ဆက်လက်၍ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ လေးဘက်နာနှင့် စီပိုး၊ ဘီပိုး ရှိ၊ မရှိ စစ်ဆေးကုသပေးခဲ့ပြီး လတ်တလောခံစားနေရသော ရောဂါဝေဒနာအခြေအနေတို့ကို စမ်းသပ်စစ်ဆေးပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို ဝန်ဆောင်မှုပေးကာ လိုအပ်သည့်ဆေးဝါးများကို စမ်းသပ်ထုတ်ပေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကိုယ်တိုင်ဆေးကုသမှုခံယူပြီး ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)