သာယာဝတီမြို့တွင် သံပုယိုစိုက်ပျိုးရောင်းချသူများ စီးပွားရေး အဆင်ပြေ

သာယာဝတီ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သံပုယိုသီးဈေးမြင့်တက်လာသဖြင့် သံပုယိုစိုက်ပျိုးရောင်းချသူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သံပယိုစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

သံပုယိုပင်သည် နှစ်ရှည်အပင်မျိုးဖြစ်ပြီး အစိုဓာတ်မပြတ်ရေသွင်းပေးရပြီး နုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းသိရသည်။ သံပုယိုပင်သည် အပင်အပြုအစုကောင်းပါက နှစ်ပတ်လည်နီးပါးအသီးသီးပြီး ခူးဆွတ်ရောင်းချရာတွင် ရက်ခြားခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိသော အပင်အမျိုးအစားဖြစ်ကြောင်း “အေးသည့်ရာသီဖြစ်သောကြောင့် သံပုယိုခြံအားဂရုစိုက်ပြုစုသည့် ခြံများတွင်အသီးသီးကြောင်းရောင်းချရာတွင် ကိုယ်တိုင်ဆွတ်ခူးပြီး ကုန်စိမ်းဈေးတွင် သွားရောက်ရောင်းချကြောင်း၊ ရောင်းဈေးအနေနှင့် သီးလုံးသန့်ရှင်းမှုနှင့် အကြီးအသေးအပေါ်မူတည်ပြီး (၃)တင်းဝင်အိပ်(၁)အိပ်တွင် ငွေကျပ်(၄၅၀၀၀/၅၀၀၀၀)ကျပ် ဈေးအမျိုးမျိုး ရောင်းချရကြောင်း“ ကိုးပင်ရိုးကျေးရွာမှ သံပုယိုစိုက်ပျိုးရောင်းချသူဦးဝင်းမြင့်က ပြောသည်။

သံပုယိုပင်စိုက်ပျိုးမည်ဆိုပါက အပင်ကိုင်းဖျာထွက်မှုကောင်းစေရေးနှင့် နေရောင်ခြည်အပြည့်အဝရှိစေရန်အတွက် တစ်ပင်နှင့်တစ်ပင်(၅)ပေမှ(၈)ပေအထိ ခြား၍စိုက်ပျိုးရကြောင်း စိုက်ပျိုးပြီးပါက အပင်ကြီးထွားမှုနှင့် အသီးသီးနှုန်းကောင်းစေရန်အတွက် ပေါင်းမြက်နှင့်မလိုအပ်သည့်ကိုင်းများကို ရှင်းပေးရကြောင်း ဆေးဖျန်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ရေတင်ပေးခြင်းများ ဂရုပြုဆောင်ရွက်ရကြောင်း၊ စိုက်ပျိုးရာတွင်ပျိုးပင်စိုက်နှင့် ကိုင်းကူးစိုက်ဟူ၍ (၂)မျိုးရှိကြောင်း ကိုင်းကူးစိုက်ပျိုးပါကစိုက်ပျိုးပြီး (၈)လအရွယ်တွင် အပွင့်များစတင်ပွင့်ပြီး(၁) နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း သိရသည်။

သန့်ဇော် (ပြန်ဆက်)