သဲကုန်း ဇန်နဝါရီ ၁၀
အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့်(Grade-9) အတန်းများတွင် သင်ကြားလျက်ရှိသော ဆရာ/ ဆရာမများ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် (Grade-5) နှင့်(Grade-9) သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်တလင်းခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်တင်တင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်က ဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားသည့် ဘာသာရပ်အပေါ်တွင် လေ့လာမှုရှိစေရန်၊ နည်းပြဆရာ၊ ဆရာမများနှင့်အတူ ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းဖြင့် အကြံဉာဏ်သစ်၊ နည်းစနစ်သစ်များရရှိပြီး သင်ကြားသင်ယူမှုထိရောက်စေပြီး သင်ကြားမှုလုပ်ငန်းများ အရည်အသွေးတိုးတက်မြင့်မားစေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားစေရန်၊ ဘာသာရပ်သင်ခန်းစာများအလိုက်သိမြင်မှု၊ ကျွမ်းကျင်မှု၊ ခံစားမှုနယ်ပယ်များတွင် ထိရောက်စေရန်၊ တတ်မြောက်မှု၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်များ မြင့်မားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၀) ရက်မှ (၁၃) ရက်နေ့ထိ (၄) ရက်တာ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မူလတန်းအဆင့် (Grade-5) တွင် နည်းပြ (၁၆) ဦး သင်တန်းသားဆရာ၊ ဆရာမ (၂၄၈) ဦး၊ အလယ်တန်းအဆင့် (Grade-9) တွင် နည်းပြ(၁၁)ဦး၊ သင်တန်းသား ဆရာ၊ ဆရာမ (၁၂၀) ဦးဖြင့်ဘာသာရပ်(၇)မျိုးမှ သင်ခန်းစာများအား သင်တန်းနည်းပြများ ဦးဆောင်မှုဖြင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကိုကျော် (ပြန်/ဆက်)