ပေါင်းတည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက အလိမ္မာစာမှာရှိခေါင်းစဉ်ဖြင့် ဟောပြောကာ စာကြည့်တိုက် လက်ထောက်(၃)က အသိပညာပေးပုံပြင်များ ပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သော အစားအစာများအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ကာ မူးယစ်ဆေးဝါးဆိုးကျိုးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို ဆက်လက်ပြသပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)