မိုးညို ဇန်နဝါရီ ၁၀
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအဝင်ဝရှေ့၌ အ.ထ.က(မိုးညို)မှ ကျောင်းသူကလေးများက Fitness Dance အကဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကပြဖျော်ဖြေ၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို စတင်ဖွင့်လှစ်ပြီးနောက် ကျောင်းသား/သူကလေးများ၏ မိမိတို့အတန်းအလိုက် ကျောင်းဝင်းအတွင်းစီစဉ်ထားရှိသော မုန့်ပွဲတော်ကို ကြွရောက်လာသောဧည့်သည်တော်များက လိုက်လံကြည့်ရှုအားပေး၍ ပျော်ပျော်ပါးပါးသုံးဆောင်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းအချိန်၌ သရဖူခန်းမ၌အခမ်းအနားကိုကျင်းပရာ အ.ထ.က(မိုးညို)မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖုန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကြည်လင်နှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းထွေးတို့က စုံညီပွဲတော်ကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင် ဦးညီညီဇော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ထူးချွန်ဆရာများနှင့် ပညာရည်ထူးချွန်ဆု၊ လူရည်ချွန်ဆု၊ ကျောင်းတက်ရက်မှန်ဆု၊ အားကစားဆု၊ ကျောင်းဖွံ့ရေးလုပ်ငန်းဆု၊ စိုက်ခင်းဆုနှင့် အလှူရှင်ဂုဏ်ပြုမှတ်တမ်းများ စုစုပေါင်း(၁၈၀)ဆုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူကလေးအဖွဲ့(၁၇)ဖွဲ့တို့က အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)