အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

အောင်လံ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းကျန်းမာရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုယ်ပိုင်ကျောင်းနှင့်ဘော်ဒါများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အ.ထ.က-ရွာထောင် ကျောင်းသား/ကျောင်းသူများမှ “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ကြပြီး၊ အောင်လံခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အောင်လံမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ အ.ထ.က-၁ ကျောင်းသား/ ကျောင်းသူများမှ “ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” သီချင်းဖြင့် သရုပ်ဖော် ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အဆင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား/ကျောင်းသူလေးများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)