ပုသိမ် ဇန်နဝါရီ ၁၀
နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲသို့ တိုင်းဒေသကြီးကိုယ်စားပြုထုတ်ကုန်များ ပါဝင်ပြသယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ ထုတ်ကုန်များ၊ One Region One Product များ၊ ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်လုပ်ငန်းများ၊ ကြိမ်၊ ဝါး၊ ဗေဒါလုပ်ငန်းများ၊ ပီလောပီနံထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ မွေးမြူရေးလုပ်ငန်းနှင့် စက်မှု/လက်မှုလုပ်ငန်းမှထွက်ကုန်များ အစရှိသည့် တိုင်းဒေသကြီးအတွင်းမှ ထွက်ကုန်များအား ပြသသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အရည်အသွေးပိုမို ကောင်းမွန်သည့် ကုန်ပစ္စည်းများကိုလည်း ကြိုတင်ရွေးချယ် ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့၏ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ထုတ်လုပ်မှုအဆင့်ဆင့်အား သေချာစွာရှင်းလင်းပြောကြား နိုင်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခရိုင်တာဝန်ခံများအနေဖြင့်လည်း မိမိတို့ခရိုင်အလိုက် ပြသမည့်ထုတ်ကုန်ပစ္စည်းများကို ရှင်းလင်းတင်ပြပေးကြစေလိုကြောင်းနှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက MSME ပြပွဲနှင့် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်ရန်အတွက် စံသတ်မှတ်ချက်များ၊ One Region One Product (OROP) စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်ရန်အတွက် စံသတ်မှတ်ချက်များ၊ အမှတ်ပေးစည်းမျဉ်းသတ်မှတ်ချက်များ၊ MSME ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးမှ ခရိုင်အလိုက် ပါဝင်ယှဉ်ပြိုင်မည့် ပစ္စည်းများစာရင်းကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပါဝင်ပြသနိုင်ရေး ခရိုင်အလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ OROP ထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့ပြီး “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ပြသနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့်လည်း မိမိတို့၏ ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်မှု၊ ထုတ်လုပ်မှုစနစ်များကို သေချာရှင်းလင်းတင်ပြနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်း” ပြောကြားခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ပြသနိုင်ရေးအတွက် ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)