ပုသိမ် ဇန်နဝါရီ ၉
နည်းပညာတက္ကသိုလ်(ပုသိမ်)၏ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာနည်းပညာတက္ကသိုလ်(ပုသိမ်)၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနနှင့် သုတနည်းပညာအင်ဂျင်နီယာဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုကြီးတို့မြန်မာ”သီချင်းဖြင့် ကပြဖျော်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီရီကောလိပ်၊ သိပ္ပံကျောင်းများတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ကျင်းပဆောင်ရွက် ခဲ့ပါကြောင်း၊ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့ကိုလည်း နွေးထွေးစွာကြိုဆိုပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးဖြင့် ပုံဖော်တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ရည်မှန်းချက်ကို ပျက်ပြားစေမည့် အနှောင့်အယှက်၊ အဟန့်အတားများကို ရင်ဆိုင်ကျော်လွှား၍ ရည်မှန်းထားသည့် ပညာရပ် နယ်ပယ်ကို ပေါက်မြောက်အောင်မြင်အောင် ကြိုးစားသင်ယူကြရန် မှာကြားလိုပါကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် မိမိနိုင်ငံနှင့်တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်နေသော တိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသော နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများအား ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးနိုင်အောင် ကြိုးစား ကြရမည်ဖြစ်ပါကြောင်း”နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ မြို့ပြအင်ဂျင်နီယာဌာနနှင့် အီလက်ထရောနစ် အင်ဂျင်နီယာဌာနတို့မှ ကျောင်းသူလေးများက (ရတနာပုံ)သီချင်းဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)