ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၅)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ပုသိမ် ဇန်နဝါရီ ၁၀

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့် ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက “လူတိုင်းအတွက် ပညာရေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ရက်ပေါင်း(၄၀)ကြာ စာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး ပွဲတော်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅)မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ် စာသင်သားပေါင်း (၄၉၆၁)ဦးအား စာသင်ဝိုင်းပေါင်း (၄၇၉)ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ် (၁၀၀၇)ဦးတို့က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှစ၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ထိ စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေး၊ လူနေမှုဘဝမြင့်မားရေးအစီအစဉ်များပါဝင်သည့် အစီအစဉ် (၃) ရပ်ကို (၁)ရက်လျှင် ပျမ်းမျှ (၃)နာရီနှုန်းဖြင့် ရက်ပေါင်း(၉၀)ကြာ သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စာသင်သားပြည်သူများအနေဖြင့် ရရှိထားသည့် အသိပညာ၊ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို အခြေပြု၍ လက်တွေ့နေ့စဉ်ဘဝတွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့သိရှိတတ်မြောက်ထားသည့် အခြေခံ အရေး၊ အဖတ်အတွက် သင်ခန်းစာများမှတစ်ဆင့် ဗဟုသုတများ တိုးပွားလာအောင် အားလပ်သည့် အချိန်တိုင်းတွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆက်လက်အားထုတ် ကြိုးစားသွားခြင်းဖြင့် “စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူ မရှိစေရေး" လုပ်ငန်းစဉ် ထိရောက်အောင်မြင်လာမည်ဖြစ်ပါကြောင်း၊ “လူတိုင်း အတွက်ပညာရေး” ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတတ်မြောက်စေရေး ဆက်လက်အကောင်အထည်ဖော်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြသူများ၊ နည်းပညာများနှင့် ထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးခဲ့သည့် ပညာရေးဝန်ကြီးဌာအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီအတွင်းရေးမှူး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းပြင်ပပညာရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးပညာရေး မှူးရုံးအား မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စေတနာဖြင့် လုပ်အား ပေးဆောင်ရွက်ခဲ့ကြသည့် မြို့နယ်ကိုယ်စားပြု နည်းပြနှင့်ကြီးကြပ် ကိုယ်စားလှယ် (၂)ဦးအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၅)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သား ကိုယ်စားလှယ်(၂)ဦးအား အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သားများ ကိုယ်စား စာသင်သားကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက “အနာဂတ်မျှော်တွေး စဉ်ဆက် ပညာရေး”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့်  ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့ကြသည့် မြို့နယ်အလိုက် နည်းပြ၊ ကြီးကြပ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)