မကွေး ဇန်နဝါရီ ၁၀
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)၏ အပတ်စဉ်(၂၆) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း(အဋ္ဌမအကြိမ်) သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာသင်ကြားရေးအဖွဲ့ဝင်များ၊ သင်တန်းဆင်းမောင်မယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ သင်တန်းသူများမှ “လောကအားမာန်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)မှာ (၃)နှစ်တာကာလအတွင်း သူနာပြုစုမှုနှင့် သားဖွားခြင်းအတတ်ပညာရပ်များကို စာတွေ့လက်တွေ့လေ့လာဆည်းပူးခဲ့ပြီး ရေးဖြေ၊ လက်တွေ့/နှုတ်ဖြေ အဆင့်ဆင့်သောစာမေးပွဲများနှင့် ဒီပလိုမာ အောင်လက်မှတ်ရစာမေးပွဲကြီးတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာသင်ကြားရေးအဖွဲ့ဝင်များအားလုံးမှ သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များအပ်နှင်းခြင်းနှင့်အတူ အောင်လက်မှတ်နှင့်လျော်ညီသော အမှတ်လက္ခဏာဝတ်ရုံများ ဝတ်ဆင်ခွင့်ပြုတဲ့ အခမ်းအနားဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များဖြစ်တဲ့ ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များအား နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းဆင်းမောင်မယ်တို့အနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်တဲ့အခါမှာလည်း အထက်အောက် အပြန်အလှန်လေးစားမှုရှိဖို့လည်း လိုအပ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အပြုံးနှင့်နှုတ်ဆက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ပြန်လည်ရှင်သန်လာအောင် လက်တွေ့လိုက်နာကျင့်သုံးကြပါလို့ တိုက်တွန်းလိုပါကြောင်း၊ သူနာပြု-သားဖွားအလုပ်ဆိုတာ ဝါသနာ၊ စေတနာ၊ အကြင်နာ၊ ကရုဏာ၊ အနစ်နာ၊ ကိုယ်ချင်းစာနာခြင်း နာ(၆)နာနဲ့ ပြည်စုံတဲ့အတွက် စေတနာထားတတ်ရင် ကုသိုလ်လည်းရ ဝမ်းလည်းဝမို့ အလွန်မွန်မြတ်တဲ့ အလုပ်ဖြစ်ပါကြောင်းနှင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ပြည်သူလူထုက အားကိုးယုံကြည်ထိုက်သူများ ဖြစ်နိုင်အောင်၊ နိုင်ငံသားကောင်းပီသသူများဖြစ်အောင်၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်သော သူနာပြုကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားပြီး သင်တန်းသူများက “ပန်းကမ္ဘာမျှော်စင်” သီချင်း ဖြင့်လည်းကောင်း၊ “ရွှေဘိုသနပ်ခါး” သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့သည်။
ဆက်လက်၍ သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းကို ကျင်းပရာ ကျောင်းအုပ်ကြီးမှ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/သင်တန်းသူ(၁၀၇)ဦးအား သူနာပြု- သားဖွားဒီပလိုမာအောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့ပြီး သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)အား ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှစ၍ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ရာမှာ အပါတ်စဉ်(၃၀)သို့ ရောက်ရှိနေပြီး (၁၉၉၇)ခုနှစ်မှ (၂၀၂၃)ခုနှစ်အထိ သူနာပြု သင်တန်းသား၊ သင်တန်းသူ (၁၅၆၇) ဦးနှင့် (၁၉၉၉)ခုနှစ်မှ (၂၀၁၈)ခုနှစ်အထိ သားဖွားသင်တန်းသူ (၁၀၁၉) မွေးထုတ်ပြီးပြီလို့ သိရပါကြောင်းနှင့် ယခုလက်ရှိတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအနေနဲ့ ဒုတိယနှစ်မှာ(၁၁၄)ဦး၊ ဒုတိယနှစ်(ဒုတိယအသုတ်)မှာ (၆၀)ဦးနှင့် တတိယနှစ်မှာ(၈၈)ဦး စုစုပေါင်း(၂၆၂)ဦး တက်ရောက်ပညာသင်ကြားနေပြီး (၂၀၂၅)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ သင်တန်းသားအသစ်များ စတင်အပ်နှံလက်ခံနေပြီဖြစ်ကြောင်း သိရသည်။
မောင်ညီညာ